ဝက်သက်ရာသီ ရောက်ပြီမို့ သတိထား
ဝက်သက်ရောဂါဟာ ကာကွယ်ဆေးရှိပေမယ့် ဖြစ်ပွားနေဆဲ ရောဂါတစ်ခုပါ။ ကာကွယ်ဆေးကြောင့် သေဆုံးမှုနှုန်းကို ၇၃ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တာတောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းများအရ ၂၀၁၈ ခုနှစ်တစ်နှစ်တည်းမှာ ဝက်သက်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ ငါးနှစ်အောက် ကလေးငယ် တစ်သိန်းလေးသောင်းခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဝက်သက်ဟာ ရာသီမရွေးဖြစ်တတ်ပေမယ့် အဖြစ်အများဆုံးတော့ ဆောင်းအကုန်နွေအကူး ယခုလိုကာလမှာပါ။ ကလေးတွေမှာ ပိုအဖြစ်များပေမယ့် လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကူးစက်လွယ်တဲ့ ရောဂါဖြစ်ပြီး ကာကွယ်ဆေးတွေ့ရှိတဲ့ ၁၉၆၃ ခုနှစ်မတိုင်ခင်က ဝက်သက်ကြောင့် လူ ၂.၆ သန်းခန့် နှစ်စဥ် သေဆုံးခဲ့ပါတယ်။
ဘာကြောင့် ဖြစ်တာလဲ?
ဝက်သက်ဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်ပြီး နှာချေတာ၊ ချောင်းဆိုးတာ၊ လူအချင်းချင်း ကိုင်တွယ်ထိတွေ့မိတာ၊ ရောဂါပိုးရှိသူရဲ့ သလိပ်နဲ့ နှပ်လိုမျိုး အညစ်အကြေးတွေနဲ့ ထိမိတာကနေ ကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ဟာ လေထဲမှာ သို့မဟုတ် အရာဝတ္တုတွေရဲ့ မျက်နှာပြင်ပေါ်မှာ ၂ နာရီကြာတဲ့ထိ အသက်ရှင်နေနိုင်ပါတယ်။ အနီစက်တွေ မထွက်ခင် ၄ ရက်ကနေ ထွက်ပြီး ၄ ရက်အထိဟာ ဗိုင်းရပ်စ်ပိုး အကူးစက်နိုင်ဆုံး အချိန်ပါ။
- ကာကွယ်ဆေး ထိုးမထားတဲ့ ကလေးတွေ
- ကာကွယ်ဆေး ထိုးမထားတဲ့ ကိုယ်ဝန်ဆောင်တွေနဲ့
- ကာကွယ်ဆေး ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ကိုယ်ခံအားကျနေတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။
ရောဂါလက္ခဏာတွေက…
- ရောဂါပိုးနဲ့ ထိတွေ့ပြီး ၁၀ရက်ကနေ ၁၂ ရက်လောက်ကြာတဲ့အခါ စတင်ဖျားတတ်ပြီး ၄ရက်ကနေ ၁ပတ်ခန့် ကြာမြင့်နိုင်ပါတယ်။
- စစချင်းမှာ နှာချေတာ၊ ချောင်းဆိုးတာ၊ မျက်စိနီပြီး မျက်ရည်ကျတာ၊ ပါးစောင်ထဲမှာ အဖြူစက်တွေ ထွက်တာတွေ ဖြစ်နိုင်ပါတယ်။
- ရက်အနည်းငယ်ကြာလာတဲ့အခါ မျက်နှာနဲ့ လည်ပင်းမှာ အနီစက်တွေ ထွက်လာတတ်ပါတယ်။ ၃ ရက်လောက်ကြာတဲ့အခါ လက်၊ ခြေထောက်နဲ့ ကိုယ်လုံးတွေကို ပြန့်သွားပြီး ၅-၆ ရက်လောက်ကြာတဲ့အခါ ပျောက်သွားနိုင်ပါတယ်။
အသက်ငါးနှစ်အောက် ကလေးတွေနဲ့ အသက် ၃၀ အထက် လူကြီးတွေမှာ ရောဂါပိုမို ပြင်းထန်နိုင်ပြီး
- မျက်စိကွယ်တာ
- ဦးနှောက်အမြှေးရောင်တာ
- ဝမ်းလျှောပြီး ရေဓာတ်ခန်းခြောက်တာ
- နမိုးနီးယား အဆုတ်ရောင်ရောဂါ ဖြစ်လာတာ
- နားအတွင်း ပိုးဝင်တာတွေက တစ်ဆင့် အသက်ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။
ကုသမှု…
ဝက်သက်ရောဂါအတွက် ကုသမှုရယ်လို့ မရှိပါဘူး။ ကိုယ်ခံအားကောင်းပြီး ရောဂါကို တိုက်ထုတ်နိုင်ဖို့ အရေးကြီးတာမို့ အာဟာရပြည့်ဝအောင် စားဖို့နဲ့ အနားယူဖို့ လိုပါတယ်။ ရေများများ သောက်ဖို့လိုသလို ဝမ်းသွားနေရင် ဓာတ်ဆားရည်ပါ သောက်ဖို့ လိုပါတယ်။ မျက်စိနဲ့ နားပိုးဝင်တဲ့ လက္ခဏာရှိရင်၊ နမိုးနီးယားဝင်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့ ပိုးသတ်ဆေး သုံးစွဲဖို့ လိုပါလိမ့်မယ်။
ဝက်သက်ရောဂါ ခံစားနေရတဲ့ ကလေးဟာ ဗိုက်တာမင်အေကို ၂၄ နာရီခြားပြီး နှစ်ကြိမ်သောက်ဖို့ လိုပါတယ်။ ဗိုက်တာမင်အေ သောက်ခြင်းဖြင့် မျက်စိထိခိုက်ပြီး အမြင်အာရုံဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေးမှာပါ။
ဝက်သက်ရောဂါကို ကာကွယ်ဖို့အတွက် ဝက်သက်၊ ပါးချိတ်ရောင်နဲ့ ဂျိုက်သိုး ရောဂါတွေကို ကာကွယ်ပေးမယ့် MMR vaccine ကို အသက် တစ်နှစ်မှာ ပထမအကြိမ်နဲ့ သံးနှစ်နဲ့လေးလမှာ ဒုတိယအကြိမ် မပျက်မကွက် ထိုးထားဖို့ လိုပါတယ်။
ကာကွယ်ဆေးထိုးထားသည်ဖြစ်စေ၊ မထိုးထားသည်ဖြစ်စေ လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးတာ၊ ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ဝစွာ စားသောက်တာတွေကလည်း ရောဂါကို ကာကွယ်နိုင်ပါလိမ့်မယ်။
ဝက်သက်ပေါက်တဲ့ ရာသီရောက်လာပေမယ့် ဝက်သက်ကို အရမ်းကြောက်ဖို့တော့ မလိုပါဘူး။ မဖြစ်အောင် ကာကွယ်လို့ရသလို ဖြစ်လာရင်လည်း နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင် တားဆီးလို့ရတာမို့ ငယ်တုန်းပဲ ဝက်သက်ပေါက်ပေါက်၊ ကြီးမှပဲ ဝက်သက်ပေါက်ပေါက် ဂရုစိုက်ပြီး ကျော်ဖြတ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်